ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး ၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၃)နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ရပ်ကွက်များသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန် ၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွား လာကြရန် ၊ လက်ကိုစက္ကန့်(၂၀)ကြာ စနစ်တကျဆေးကြောကြရန် ၊ လူစုလူဝေးပြုလုပ်ခြင်း များကို ရှောင်ကြဉ်ကြရန် ၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွါခွါ နေထိုင်သွားလာကြရန် ၊ ရောဂါပိုးကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူ ကြရန် ၊ မိမိတို့နေအိမ်တွင် အသက်အရွယ်ကြီးရင့်သူများနှင့် ဆီးချို ၊ သွေးတိုး ၊ နှလုံးစသည့် နာတာရှည် ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ပေးပြီး လေဝင်လေထွက် ကောင်းသည့်နေရာတွင် နေထိုင်ပေးကြရန် ၊ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေး ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေး အကြိမ် ပြည့်ထိုးနှံကြရန် ၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန် ၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူများအားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်တို့ကို မြို့အတွင်းလှည့်လည်ကာ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)