မအူပင်မြို့တွင် "၁၀၁"နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မအူပင်    နိုဝင်ဘာ    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ "၁၀၁"နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများက မအူပင်မြို့ စျေးရောင်း/စျေးဝယ် ပြည်သူများနှင့် မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က(၁)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူတို့အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် "၁၀၁"နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊ အေးအတူ ပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့အစရှိသော အကြောင်းအရာများ၊ ရေနံ့သာမောင်ကျော်ညွှန့်ရေးသားသော ဘုန်းရှင့်မြန်မာတို့ မြန်မာကဗျာအစရှိသည့် အကြောင်းအရာများနှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သော ဆောင်ပုဒ်များပါဝင်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ ဆက်(မအူပင်)