ဘိုကလေး-စက်ဆန်း လမ်းပိုင်းအား Taxi ကားများ ပြန်လည်ပြေးဆွဲနေ

ဘိုကလေး    နိုဝင်ဘာ    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ စက်ဆန်းကျေးရွာအုပ်စုအထိ ဘိုကလေး - စက်ဆန်း ကားလမ်းမှာ အများအားဖြင့် ဆိုင်ကယ်များဖြင့် သွားလာလှုပ်ရှားကြပြီး အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ဈေးဝယ်သူများ၊ ဆေးဝါးလာရောက်ကုသသူများ သွားရေးလာရေး အဆင်ပြေရေးအတွက် ရည်ရွယ်၍ ဘိုကလေးမြို့၊ဒုတိယလမ်းရှိ မာလကာကန်အနီးတွင် Taxi ကားများ စုရပ်ထား၍ ဘိုကလေး-စက်ဆန်း လမ်းပိုင်းအား ပြေးဆွဲပေးလျက်ရှိသည်။

ပြေးဆွဲရာတွင် ခရီးသည်တစ်ဦးလျှင် (၄၀၀၀)ကျပ် ဝန်းကျင်ဖြင့် (၁)နာရီလျှင် (၁)စီးနှုန်းခန့် ပြေးဆွဲလျက်ရှိပြီး ပြေးဆွဲသည့် ကားအရေအတွက်(၁၀)စီးခန့်ရှိကြောင်း၊ ယခင်ကာလများတွင် လည်း ဘိုကလေး-စက်ဆန်း လမ်းပိုင်းအား ပြေးဆွဲသည့် မော်တော်ယာဉ်များ ရှိခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်သည့် ကာလတစ်လျှောက် ပြေးဆွဲမှု ရပ်နားခဲ့ပြီး မကြာသေးခင် အချိန်ကမှ ပြန်လည်ပြေးဆွဲခဲ့ကြကြောင်း သိရသည်။

ဘိုကလေး-စက်ဆန်း ကားလမ်းသည် မိုးတွင်းကာလ၌သာ လမ်းပျက်စီးမှုများ ရှိခဲ့ပြီး မိုးကုန်သည့်ကာလ၌ ကုန်းလမ်းခရီးသွားရေးလာရေး အဆင်ပြေချောမွေ့သည့် လမ်းပိုင်းဖြစ်သည့်အပြင် ယခုအခါတွင်လည်း လမ်းအထူးအဖွဲ့မှ ဘိုကလေး-စက်ဆန်း လမ်းပိုင်းအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

မိုးစက်(ဘိုကလေး)