နတ်မောက် နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် ပဲတီစိမ်းနှင့်နေကြာ သီးညှပ်စိုက်ပျိုးခြင်း စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းပြီး တောင်သူ ဦးဝင်းနိုင်၏ စိုက်ခင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပဲတီစိမ်းနှင့်နေကြာ သီးညှပ် စံပြကွက်များ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးတောင်သူများ မိမိယာကွက် အတွင်းသီးနှံ (၂)မျိုး စိုက်ပျိုးနည်းစနစ်ကို သိရှိလိုက်နာစိုက်ပျိုးနိုင်ရန် (၁၀)ဧက စံပြကွက် စိုက်ပျိုးထားကြောင်း၊ အဆိုပါသီးနှံများအား စက်တင်ဘာ နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို ထံမှ သိရသည်။
သင်းသင်းမြတ်