မြန်အောင် နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ပြင်းထန် ဒဏ်ရာရှေးဦးပြုစုခြင်း (Trauma First Aid Training) ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်က မြန်အောင်မြို့ ပြည်တော်အေးဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားချက် ဖြင့် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ဟင်္သာတခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့စီစဉ်မှုဖြင့် မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့မှ ရှေးဦးသူနာပြုစုခြင်း အခြေခံအဆင့်၊ သာမာန်အဆင့် သင်တန်းတက်ရောက်ပြီးသူ စေတနာ လုပ်အားရှင် (၂၀) ဦးတို့အား ပြင်းထန်ဒဏ်ရာရှေးဦးပြုစုခြင်း (Trauma First Aid Training) ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းကာလ (၂) ရက်အတွင်း ဟင်္သာတ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်ဦးနှင့်နည်းပြများက စာတွေ့လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမိုးမြင့်ခိုင် ထံမှ သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သူရိန်ထွန်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်း ၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ နှင့်အမှုဆောင်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်း သူများ တက်ရောက် ခဲ့ကြသည်။
ပြင်းထန်ဒဏ်ရာရှေးဦးပြုစုခြင်း (Trauma First Aid Training) ဆင့်ပွားသင်တန်းတွင် လူအများ ထိခိုက်ဒဏ်ရာရရှိချိန်တွင် စီမံခန့်ခွဲခြင်း၊ ဦးစားပေးလူနာရွေး ချယ်ခြင်း၊ ထိခိုက် ဒဏ်ရာရရှိသူများကို ပြုစုစောင့် ရှောက်ခြင်း၊ မျက်ရည်ယိုဓာတ်ငွေ့ထိခိုက်မိသူအားပြုစုခြင်း၊ စိတ်ဖိစီးမှုကိုကိုင်တွယ်ဖြေရှင်းနည်း၊ အရေးပေါ်အခြေအနေတွင် ထိခိုက်ဒဏ်ရာရရှိသည့် လူနာကို ပြုစုစောင့်ရှောက်ခြင်းကွင်းဆက်၊ ရှေးဦးပြုစုမှုပေးသောစခန်း၊ ရှေးဦးပြုစုသူ၏ အခန်း ကဏ္ဍနှင့်တာဝန်ဝတ္တရား၊ ရှေးဦးပြုစုခြင်းစခန်းနှင့် ရှေးဦးပြုစုခြင်းအဖွဲ့အတွက် ဆောင်ရွက်ရမည့်အချက်အလက်စာရင်းများ စသည့်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းဗိုလ်