ဝက်လက် နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀နာရီအချိန်မှစတင်ကာ ဝက်လက်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ဝက်လက်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းခွဲ၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းခွဲ၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းခွဲနှင့် မကျီးတုံကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းများရှိ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ မိမိအနီးဝန်းကျင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယခုနိုဝင်ဘာလ ၃၀ ရက်နေ့အထိ ကျောင်းအပ်ပြီး ကျောင်းတက်လို့ရကြောင်း ဆွေးနွေး ပြောကြားပေးကြရန်နှင့် ကျောင်းတက်ရောက် နေကြသော ကျောင်းသား၊ ကျောင်းသူများ အတွက် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ လိုအပ်မှုမရှိစေရေး စီမံဆောင်ရွက်သွားကြရန် နှင့်အခက်အခဲရှိပါက အချိန်နှင့်တစ်ပြေးညီ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီသို့ ဆက်သွယ် ဆောင်ရွက် သွားနိုင်ရေး မှာကြားဆွေးနွေးခဲ့သည်။
ဝက်လက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးဉာဏ်လှိုင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးခင်ဇော်၊ ခေတ္တမြို့နယ်မှူး ဒုရဲမှူး ကြည်စိုးသန့်၊ ဦးမျိုးသိန်းထွန်းအောင်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးကိုကိုနိုင်တို့ လိုက်ပါဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)