ဟင်္သာတ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာဗဟုသုတများကို သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လည်ပိုင်းက စာသင်ကျောင်းများ ၊ လူစည်ကားရာ နေရာများ၌ သွားရောက် ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့ အစရှိသော အကြောင်းအရာများ၊ ရေနံ့သာ မောင်ကျော်ညွှန့်ရေးသားသော ဘုန်းရှင့်မြန်မာတို့ မြန်မာကဗျာ အစရှိသည့် အကြောင်းအရာများနှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သော ဆောင်ပုဒ်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏ အမည်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ (၉၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှ ကောက်နုတ်ထားသော အမျိုးသားပညာရေးနှင့် ကဗျာများပါဝင်ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ