ကျိုက်မရော နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဒေသခံတောင်သူများ အတ္တရံမြစ်ရေကို အမှီပြု၍ ခရမ်း ထောပတ်သီးပင်များ စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီး ဖြစ်ကြောင်း နတ်စမ်းကျေးရွာရှိ ခရမ်းသီး စီးပွားဖြစ် စိုက်ပျိုးနေသော ဒေါ်စမ်းမော်ကပြောသည်။
ကျွန်မတို့ ကျိုက်မရောမြို့နယ်မှာရှိတဲ့ ဒေသခံအများစုဟာ စိုက်ပျိုးရေးလုပ်ငန်းများကို တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြပြီး အတ္တရံမြစ်ရေအပြင် လျှပ်စစ်မြစ်ရေတင်ဖြင့် ရရှိသော ရေကိုလည်း အသုံးချ စိုက်ပျိုးလို့ရသဖြင့် သီးနှံစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမူရှိပါတယ်၊ အခုလိုကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း၌ ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ယခုလိုရာသီပေါ် သီးနှံများ စီးပွားဖြစ်စိုက်ပျိုးကြခြင်းဖြင့် မိသားစု ဝင်ငွေတိုးအောင် ဆောင်ရွက်နေကြောင်း ၄င်းက ပြောသည်။
ခရမ်းထောပတ်သီးကို မျိုးစေ့ကနေ အပင်ပျိုးထောင်ခြင်းကို ရက်ပေါင်း၄၀ခန့်ကြာအောင် ပျိုးထားပြီးနောက် ပျိုးပင်များကို နှုတ်ယူပြီး ဘောင်ဖော်စိုက်ပျိုးရကြောင်း စိုက်ပျိုးပြီး ရက်ပေါင်း ၃၅ ရက်လောက်ဆို ခူးရောင်းလို့ရပြီးဖြစ်ကြောင်း ခရမ်းသီးကိုရောင်းချရာတွင် အချိန်နှင့်မရောင်းပဲ အလုံးရေဖြင့်သာရောင်းချကြောင်း ခရမ်းသီးတစ်လုံးလျှင် ငွေတစ်ရာကျပ် ရပြီး တစ်နေ့လျှင် အလုံးရေ(၃၀၀)ခန့်ရပြီး တစ်နေ့ဝင်ငွေသုံးသောင်းရရှိနေ၍ မိသားစု ဝင်ငွေတိုးပွား လျက်ပါကြောင်း ယခုလို စိုက်ပျိုးရေး အဆင်ပြေနေသဖြင့် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း မိသားစုအပိုဝင်ငွေရရှိပြီး စီးပွားရေး အဆင်ပြေ လျက်ရှိနေကြောင်း၊ အခြားမိသားစုများကလည်း ဆောင်းသီးနှံပင်များ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ကြက်သွန်မိတ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ကြခြင်းဖြင့် မိသားစု အပိုဝင်ငွေများ ရရှိက စီးပွားရေး အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)