သုဝဏ္ဏဝတီမြို့ နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ရွှေဘုံသာဘုရား၊ ဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သထုံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေပြီး သုဝဏ္ဏဝတီမြို့၌ ယခုတစ်ကြိမ်အပါအဝင် သုံးကြိမ်လာရောက် ပြုလုပ်ပေးပြီးဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သထုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သထုံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် မေလ ၃ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာများ အရောက် လိုက်လံဆောင်ရွက်လျက်ရှိပြီး သုဝဏ္ဏဝတီမြို့၌ နိုင်ငံသားစိစစ်ရေးကတ် ၅၈ ခုအား လက်ဝယ်အရောက် ပေးအပ်နိုင်ခဲ့ကာ လူဦးရေ ၁၀၀ ဦးကျော်တို့အတွက် ဆောင်ရွက်ထားဆဲ ဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သထုံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် သထုံမြို့နယ်အတွင်း ယနေ့အချိန်အထိ လူဦးရေပေါင်း ၄၀၀၀ ခန့်အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပန်းခင်းစီမံချက်နှင့် ပတ်သတ်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်း စသည့် ပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကိုဦး(ခရိုင်ပြန်/ဆက်)