မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် တာဝန်ရှိသူများ ကျောင်းသား ကျောင်းသူများ၏ စာသင်ကြားမှု အခြေအနေများအားကြည့်ရှုစစ်ဆေး

မင်းဘူး   နိုဝင်ဘာ   ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျောင်းသား/ကျောင်းသူများ၏ စာသင်ကြားမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က ကျောင်းသား၊ ကျောင်းသူများ၏ စာပေသင်ကြားမှုများမှာ ကျောင်းဖွင့်ကာစက ကျောင်းသား မိဘများမှာစိုးရိမ်စိတ်များဖြင့် ကျောင်းအပ်နှံကြသူ နည်းပါးသော်လည်း အခုနောက်ပိုင်း ကျောင်းသားဦးရေ များလာကာ စာရင်းရှိ ၇၉၅ ယောက်ရှိပြီး ၆၉၀ ကျော် ကျောင်းတက်ရောက်ကာ အေးချမ်းစွာ ပညာသင်ကြားကြပါကြောင်း၊ မိမိတို့ စာသင်ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများ၏ လုံခြုံရေးအပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုမဖြစ်ပေါ် စေရေးအတွက်ကာကွယ်ဆေးများ ထိုးနှံပေးထားသည့်အပြင် အပူချိန်တိုင်း ကရိယာများဖြင့် ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လက်ဆေး ဘေစင်များထားရှိ၍ စနစ်တကျ လက်များဆေးကြောစေခြင်း၊ Mask များတပ်၍  အေးချမ်းစွာပညာသင် ကြား နေမှုတို့ကို လိုက်လံရှင်းလင်း ပြသခဲ့သည်။

ထို့နောက် မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်က ကျောင်းသား ကျောင်းသူ လေးများ၏ စာသင်ကြားနေမှု အခြေအနေကို တစ်ခန်းဝင် တစ်ခန်းထွက် ကြည့်ရှုစစ်ဆေး၍ အေးချမ်းစွာ ပညာသင်မှု ရှိမရှိနှင့် စာပေသင်ကြားမှု အပေါ်တွင် စိတ်ပါဝင်စားမှု ရှိလာပြီး ပျော်ရွှင်စွာ သင်ကြား လာကြစေရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးတို့ကိုလည်း အထူးဂရုစိုက် သင်ကြားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)