သရက်ချောင်းမြို့နယ်မှ Facility Quarantine ဝင် အမျိုးသမီးတစ်ဦး ထားဝယ်မြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဆီးချို၊ သွေးတိုး၊ နာတာရှည်ကျောက်ကပ်ချို့ယွင်းခြင်းရောဂါအခံများဖြင့် သေဆုံး

သရက်ချောင်း သြဂုတ် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မြို့တော်ခန်းမတွင်ထားရှိသည့် Facility Quarantine ဝင်နေသူ ဒေါ်တင်တင်ခိုင် (၅၁) နှစ်သည် သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပါသည်။

ဖြစ်စဉ်မှာ သရက်ချောင်းမြို့ မော်ရှည်ကုန်းရပ်ကွက်နေ ဒေါ်တင်တင်ခိုင် (၅၁) နှစ်သည် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ရာမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်ခဲ့ရာ (၅-၈-၂၀၂၀) ရက်နေ့၌ ရောက်ရှိခဲ့ပြီး သရက်ချောင်းမြို့ မြို့တော်ခန်းမတွင် Facility Quarantine ထားရှိ၍ အသွားအလာစောင့်ကြပ်ကြည့်ရှုမှုခံယူခဲ့သည်။ (၁၃-၈-၂၀၂၀) ရက်နေ့တွင် (Covid-19)ရောဂါပိုး ရှိ/မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab)နမူနာ ရယူစစ်ဆေးခဲ့ရာတွင်လည်း (Negative) အဖြေရရှိခဲ့သူ ဖြစ်ပါသည်။

သေဆုံးသူ ဒေါ်တင်တင်ခိုင် (၅၁) နှစ်တွင် ဆီးချိုရောဂါရင့်မာနေခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ နာတာရှည် ကျောက်ကပ်ချို့ယွင်းခြင်းရောဂါနှင့် ကိုယ်တွင်းအင်္ဂါများပျက်စီးခြင်း စသည့် ရောဂါအခံများကြောင့်သာ သေဆုံးခြင်းဖြစ်ပြီး နေရပ်ပြန်လာခြင်းမှလွဲ၍ (Covid-19 ရောဂါလက္ခဏာများ၊ တွေ့ရှိချက်များ ဆင်တူခြင်း၊ ပေါ်ပေါက်ခြင်းများ လုံးဝ (လုံးဝ) မရှိပါကြောင်း သရက်ချောင်းမြို့နယ်ကုသရေးဦးစီးဌာနမြို့နယ်‌ ဆရာဝန်ကြီး‌ ဒေါက်တာ သူရ‌ဇော်ထံမှ သိရသည်။

သေဆုံးသူမှာ (Facility Quarantine) တွင် နေထိုင်ခဲ့သည့်ရက် (၂၁) ရက် ပြည့်မြောက်ခြင်းမရှိသေးသောကြောင့် သေဆုံးသူနေအိမ်သို့ ပြန်လည်သယ်ဆောင်လာခြင်းမပြုဘဲ ထားဝယ်မြို့တွင်သာ သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

သရက်ချောင်း(ပြန်/ဆက်)