မွန်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့သိုင်းနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများရေးဖြေစာမေးပွဲ တက်ရောက်အားပေး

မော်လမြိုင်     နိုဝင်ဘာ        ၂၄

၂၀၂၁ခုနှစ်၊ မွန်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီမှကြီးမှူး ဖွင့်လှစ်သည့်မြန်မာ့ သိုင်းနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့  ဖက်တန်းရပ်ကွက် ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က  ယခုသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏  လမ်းညွှန်ချက်တစ်ရပ်ဖြစ်သည့်အတွက်  မြန်မာ့သိုင်းပညာရပ်အား      မြန်မာလူမျိုးတိုင်း သင်ကြားပေးရန်နှင့်  မြန်မာ့ရိုးရာ အခြေခံသိုင်းပညာအား  နိုင်ငံတော် အားကစားအဖြစ် သတ်မှတ်၍ ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်သင်ကြားစေလိုကြောင်း၊ မြို့နယ်များတွင်လည်း ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ပြည်နယ်အတွက် များစွာအကျိုးရှိမည့် သင်တန်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေးသည် အနာဂတ်တာဝန်များ ပခုံးပြောင်းတာဝန်ယူမည့် လူငယ်၊ လူရွယ်များ  ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှုနှင့် စိတ်ဓာတ်ရေးရာမြင့်မားမှု ဘက်စုံ၊ထောင့်စုံမှ  အရည်အသွေး  မြှင့်တင်ပေးရန်လိုကြောင်း၊ မြန်မာ့သိုင်းပညာရပ်ကို မြန်မာ့ရိုးရာအမွေအနှစ် ကိုယ်ခံပညာတစ်ရပ်အဖြစ် အလေးအနက် ထားထိန်းသိမ်း စောင့်ရှောက်စေလိုကြောင်း၊ မြန်မာ့ရိုးရာကိုယ်ခံသိုင်းပညာရပ်ကို မပျောက်ပျက် သွားစေရေး၊ အခြားနိုင်ငံများ၏ ပညာရပ်များ ရောနှောမသွားစေရေး၊ ပညာရှင်အချင်းချင်း စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက သင်တန်းနည်းပြချုပ်၊ သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုငွေနှင့်သင်တန်းဆင်း လက်မှတ်များကို အသီးသီးချီးမြှင့်ပေးပြီးနောက် သင်တန်းသား၊ သင်တန်းသူများက မြန်မာ့ရိုးရာသိုင်းပညာရပ်များဖြင့် သရုပ်ပြ တင်ဆက်ပေးသည်။

သင်တန်းကို  နိုဝင်ဘာ ၁၅ ရက် မှ၂၄ ရက်နေ့အထိ  သင်တန်းသား၊ သင်တန်း ၃၀  ဦးတို့အား ၁၀ ရက်ကြာ သင်ကြားပေးခဲ့သည်။

မွန်ပြည်နယ်အနေဖြင့်   မြန်မာ့အားကစား  အဆင့်အတန်း   တိုးတက်မြင့်မားစေရေးအတွက် အမျိုးသားရေး   တာဝန်တစ်ရပ်အဖြစ်ခံယူ၍ ပြည်နယ်အစိုးရအဖွဲ့၏   ဦးဆောင်လမ်းညွှန်မှု နှင့်အတူ အားကစားနည်းအလိုက် ဆပ်ကော်မတီများ၏တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်မှု၊ အားကစားသမားများ၏ ဇွဲ၊  စိတ်ဓာတ်၊  လုံ့လတို့ဖြင့် ယှဉ်ပြိုင်ကြခြင်းဖြင့်   မြို့နယ်၊ ခရိုင်အဆင့်မှ ပြည်နယ်အဆင့်ထိ မျိုးဆက်သစ်  အားကစားသမားကောင်းများ  ပေါ်ထွက်လာစေရန်      ရည်ရွယ်ချက် ကောင်းများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်၊၊

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစီမံခန့်ခွဲရေး ဝန်ထမ်းအဆင့်(၂)ဦးစီးအရာရှိ ရာထူးတိုး ရေးဖြေစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသည့် ဝန်ထမ်း ၄၀ ဦးတို့အား  ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)