ပွင့်ဖြူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများရှိ ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ကို အမှီပြု၍ ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလုပ် ကိုင်ကြရာ ယခုနှစ်တွင် တိုင်ထောင်ပဲသီးနှံမှာ ဈေးကောင်းရရှိနေ၍ တောင်သူများက ပိုမိုအားထား စိုက်ပျိုးရေးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
တိုင်ထောင်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး အချိန်တစ်လကြာပါက ဈေးကွက်ဝင် တိုင်ထောင်ပဲသီးနှံကို စတင်ဆွတ်ခူးရောင်းချရပြီး စိုက်ပျိုးရာတွင်လည်း တစ်ပင်နှင့် တစ်ပင် အနည်းဆုံး တစ်ထောင်အကွာ စိုက်ပျိုးရကြောင်း ၊ အသီးအပွင့်များ မတင်မီ တိုင်ထောင်ခြင်းလုပ်ငန်းအား ကြိုတင်ဆောင်ရွက်ထားရှိရကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ ဒေသခံတောင်သူတွေဟာ ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဟင်းသီးဟင်းရွက်သီးနှံများထဲမှာ တိုင်ထောင်ပဲသီးနှံစိုက်ပျိုးရေး လုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး မိသားစု ပုံမှန်ဝင်ငွေရရှိတဲ့အတွက် အဆင်ပြေပါတယ်။ တိုင်ထောင်ပဲသီးနှံဟာ အပင်ရေ အနည်း ဆုံး ၇၀၀ ၊ ၈၀၀ ခန့် စိုက်ပျိုးထား မယ်ဆိုရင် နှစ်ရက်ခြားတစ်ကြိမ်လျှင် ပိဿာချိန် ၁၀၀ ကျော် ဆွတ်ခူး ရောင်းချရပါတယ်။ လက်ရှိ ဈေးနှုန်းကတော့ တစ်ပိဿာကို ငွေကျပ် (၁၄၀၀ ၊ ၁၅၀၀ ) လောက် ရောင်းချရပါတယ်။ အပင်ပြုစုပျိုး ထောင်မှုအပေါ် မူတည်ပြီး အနည်းဆုံး (၃)လလောက် ဆွတ်ခူးရောင်းချရပါတယ်။ ဒါ့ကြောင့် တိုင်ထောင်ပဲသီးနှံဟာ စိုက်ပျိုးစရိတ်ကုန်ကျမှု နည်းပြီး ဝင်ငွေတွက်ခြေကိုက်တဲ့အတွက် တောင်သူများအနေဖြင့် စိုက်ပျိုး သင့်တဲ့သီးနှံဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေသည့်အတွက် အညာကျေးလက်နေတောင်သူများ သည် နေ့စဉ် မိသားစုဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက်နှင့် စားပင်သီးနှံမျိုးစုံတို့ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင် ကြကြောင်း ၊ ထိုသို့ စိုက်ပျိုးရာတွင် အချို့တောင်သူများမှာ သီးထပ်သီးညှပ်အဖြစ် နှစ်သီးစား စိုက်ပျိုးကြပြီး စိုက်ပျိုးမြေ နှင့် ရာသီဥတု မျှတကောင်းမွန်သည့်အတွက် ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး တစ်ပိုင်တစ် နိုင် စိုက်ပျိုးတောင်သူများ စီးပွားရေးတွက်ခြေကိုက်လျက်ရှိနေကြကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )