အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

သထုံ    နိုဝင်ဘာ    ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့မွန်းလွဲပိုင်း က သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ခင်လေးနွယ် က လူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိပြီး အနာဂတ်ကာလ၌ အသိဉာဏ်ပညာ ကြွယ်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာနိုင်စေရန် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်()ရပ်နှင့် ဆောင်ပုဒ်၊ ပထမကျောင်းသား သပိတ်မှ စတင်ပြီးမျိုးချစ်စိတ်ဓါတ်များ နိုးကြားလာကာ မြန်မာ့လွတ်လပ်ရေးကို အရယူသည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ အမျိုးသားအောင်ပွဲနေ့၏ အနှစ်သာရများ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါအခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သတ်သည့် စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် "သတင်းစကား" လက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)