ပွင့်ဖြူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး ကီလိုမာလကာသီး စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်လည်း ကီလိုမာလကာသီး တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချရ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာမှ ကီလိုမာလကာသီးစိုက်ပျိုး တောင်သူ ဦးဖိုးလှိုင် ထံမှ သိရသည်။
ကီလိုမာလကာသီး စိုက်ပျိုးရေးလုပ်ငန်းသည် ပျိုးပင်ဝယ်ယူ၍ စိုက်ပျိုးနိုင်သလို ကိုင်းကူးစနစ်ဖြင့်လည်း စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးပင်စိုက်ပျိုးပါက အနည်းဆုံး(၄၊၅) နှစ်ခန့် စောင့်ရပြီး ကိုင်းကူးစနစ်ဖြင့် စိုက်ပျိုးပါက တစ်နှစ်အကြာတွင် အသီးများ စတင်ဆွတ်ခူးရောင်းချရကြောင်း၊ စိုက်ပျိုးရာတွင်လည်း ပင်ခြားအနေဖြင့် ၁၀ ပေခန့်၊ တန်းကြားအနေဖြင့် ၁၅ ပေခန့်ခွါ၍ စိုက်ပျိုးရကြောင်း၊ သို့မှသာ အပင်များကြီးထွားဖွံ့ဖြိုးလာချိန်တွင်လည်း အပင်ထိခိုက်မှု မရှိကြောင်းနှင့် အသီးအပွင့်များ ပိုမိုရရှိကာ အောင်မြင်ဖြစ်ထွန်းစေနိုင်ကြောင်း၊ အပင်ပြုစုမှုအပေါ် မူတည်ပြီး (၂)ရက်ခြား တစ်ကြိမ်လျှင် ကီလိုမာလကာသီးများကို ဆွတ်ခူးရောင်းချရကြောင်း သိရသည်။
“ကျွန်တော်က ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာမှာ ကီလိုမာလကာသီးကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်တဲ့ တောင်သူတစ်ဦး ဖြစ်ပါတယ်။ ကီလိုမာလကာသီးစိုက်ပျိုးရေးလုပ်ငန်းကို မြေအောက်ရေနဲ့ စိုက်ပျိုးတာဖြစ်ပြီး စိုက်နည်းစနစ်ကတော့ ကိုင်းကူးစနစ်နဲ့ စိုက်ပျိုးတာ ဖြစ်ပါတယ်။ ပျိုးပင်ဝယ်ပြီးစိုက်ပျိုးမယ်ဆိုရင် စောင့်ရတာကြာလို့ ကိုင်းကူးစနစ်နဲ့ စိုက်ပျိုးတာ ဖြစ်ပါတယ်။ ကီလိုမာလကာသီး အပင်ရေ ၃၀၀ ကျော် စိုက်ပျိုးထားပါတယ်။ လက်ရှိမှာတော့ ကီလိုမာလကာသီးခြံက မဆွတ်ရသေးပါဘူး၊ ပြီးခဲ့တဲ့နှစ်ကတော့ ကီလိုမာလကာသီး တစ်ပိဿာကို ငွေကျပ် ၁၂၀၀ နဲ့ ရောင်းရပါတယ်။ ဒီနှစ်တော့ စိုက်ပျိုးစရိတ်နဲ့ အလုပ်သမားငှားရမ်းခစရိတ်တွေ အကုန်အကျများတော့ တစ်ပိဿာကို ငွေကျပ် ၁၅၀၀ နဲ့ ရောင်းချတာ ဖြစ်ပါတယ်။ ကီလိုမာလကာသီး စိုက်ပျိုးရေးလုပ်ငန်းက ခုလို စိုက်ပျိုးရေးနည်းပညာတိုးတက်လာတဲ့ ခေတ်မှာ စနစ်တကျ စိုက်ပျိုးမယ်ဆိုရင် တောင်သူတွေအတွက် တွက်ခြေကိုက်ပါတယ်။ ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးရေလည်း အဆင်ပြေတဲ့အတွက် အခြားတောင်သူတွေကိုလည်း စိုက်ပျိုးလုပ်ကိုင်စေချင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာမှ ကီလို မာလကာသီးစိုက်ပျိုးတောင်သူ ဦးဖိုးလှိုင် က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)