ကျိုက်ထို နိုဝင်ဘာ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ကျိုက်ထို မြို့ရှိ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကျိုက်ထိုမြို့နယ်ရုံး ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသား(၁၁)ဦး၏ အမည်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁-၄-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြား ခဲ့သည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားရေး စိတ်ဓာတ်အကြောင်း၊ ရေနံ့သာမောင်ကျော်ညွန့် ရေးသားသော ဘုန်းရှင့်မြန်မာတို့ မြန်မာကဗျာ၊ အမျိုးသားပညာရေးအကြောင်း အစရှိသည့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သော ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။
အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရေးအတွက် ကျိုက်ထိုမြို့နယ်ရုံး ဝန်ထမ်းများက ကျောင်းသား/သူများနှင့် ပြည်သူများအား (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၂၈၀)စောင်အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
၀င်းမောင်(ကျိုက်ထို)