တောင်ငူ နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမတွင် ယနေ့ နံနက်ပိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
ဟောပြောပွဲ၌ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်သဇင်မျိုးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအတွက် အမျိုးသမီးများ ကဏ္ဍမြှင့်တင် ဆောင်ရွက်မှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တာဆီးကာကွယ် ဆောင်ရွက်မှုများနှင့် အကြမ်းဖက်မှု ကင်းစင်စေရေး ဥပဒေဖြင့် ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် တောင်ငူမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ထွေးက သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ဆိုင်ရာ သိကောင်းစရာများ အား ရှင်းလင်းပြောကြားသည်။
အဆိုပါ ဟောပြောပွဲသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုစုပေါင်း ၂၀ ဦး တက်ရောက်ကြောင်း သိရသည်။
ဇော်ထက်