မင်းဘူး နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ မင်းဘူး(စကု) မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီအချိန် က ကျောင်းသား/ကျောင်းသူများ၏ စာသင်ကြားမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင် က ကျောင်းသား၊ ကျောင်းသူများ၏ စာပေသင်ကြားမှုများမှာ ကျောင်းဖွင့်ကာစက ကျောင်းသားမိဘများမှာ စိုးရိမ်စိတ်များဖြင့် ကျောင်းအပ်နှံကြသူ နည်းပါးသော်လည်း အခုနောက်ပိုင်း ကျောင်းသားဦးရေ များလာကာ စာရင်းရှိ ၇၉၅ ယောက်ရှိပြီး ၆၉၀ ကျော် ကျောင်းတက်ရောက်ကာ အေးချမ်းစွာ ပညာသင်ကြားကြပါကြောင်း၊ မိမိတို့ စာသင်ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများ၏ လုံခြုံရေးအပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးထားသည့်အပြင် အပူချိန်တိုင်း ကရိယာများဖြင့် ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လက်ဆေးဘေစင်များထားရှိ၍ စနစ်တကျ လက်များဆေးကြော စေခြင်း၊ Mask များတပ်၍ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့ကို လိုက်လံရှင်းလင်း ပြသခဲ့သည်။
ထို့နောက် မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့် က ကျောင်းသား ကျောင်းသူလေးများ၏ စာသင်ကြားနေမှု အခြေအနေကို တစ်ခန်းဝင် တစ်ခန်းထွက် ကြည့်ရှုစစ်ဆေး၍ အေးချမ်းစွာ ပညာသင်မှု ရှိမရှိနှင့် စာပေသင်ကြားမှု အပေါ်တွင် စိတ်ပါဝင်စားမှု ရှိလာပြီး ပျော်ရွှင်စွာ သင်ကြားလာကြစေရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးတို့ကိုလည်း အထူးဂရုစိုက် သင်ကြားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာထက်