အင်းတော် နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက နွေစပါးစိုက်တောင်သူများအား တင်း ၁၁၀ အထက် အထွက်နှုန်း တိုးတက်ရေး နည်းပညာပေးသင်တန်း ကို အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ကုန်ဖြစ်သည့် မိုးစပါး၊ နွေစပါးများနှင့် ဆီထွက်သီးနှံများ တစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာများ လက်တွေ့ ပြုလုပ်သုံးစွဲနိုင်ရေးအတွက် လည်းကောင်း၊ မိမိတို့ကိုယ်တိုင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများ ရရှိလာနိုင်စေရေးအတွက် လည်းကောင်း၊ သဘာဝမြေဩဇာ သုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ဒေသထွက်ကုန်များ ရရှိလာနိုင်ရေးအတွက် လည်းကောင်း၊ သဘာဝမြေဩဇာ သုံးစွဲခြင်းဖြင့် သီးနှံမျိုးစုံနှင့် အပင်များ၏ ဖွံ့ဖြိုးတိုးတက်လာမှုများ၊ သီးနှံနှင့် အပင်ကိုဖျက်ပိုးများ၏ တိုက်ခိုက်ဖျက်ဆီးမှု အခြေအနေ၊ ခံနိုင်ရည်ရှိမှု အခြေအနေများကို သိရှိနိုင်ရေးအတွက် လည်းကောင်း၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို သိရှိနိုင်စေရန် အတွက် လည်းကောင်း ရည်ရွယ်၍ ယခုကဲ့သို့ နည်းပညာပေး လက်တွေ့ပြသ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဒေသအတွင်းရှိ သီးနှံစားသုံးသူ ပြည်သူများ အနေဖြင့်လည်း ဘေးအန္တရာယ် ကင်းရှင်းသော သဘာဝ စားသောက်ကုန် သီးနှံများကို ရရှိစားသုံးနိုင်စေရေးအတွက် လည်းကောင်း ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။
အဆိုပါ နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အင်းတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ ဒေသခံတောင်သူ(၃၆)ဦးအား သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ကျော်သီဟ(ပြန်/ဆက်)