သရက် နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ပညာရေးဌာနနှင့်ပူပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ၏ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ပန်းချီပြပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက (၁၀၁)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ကျောင်းသား၊ ကျောင်းသူ (၈) ဦးက “ဂုဏ်ပြုမမေ့ အမျိုးသားအောင်ပွဲနေ့” ကဗျာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ပထမဆု မောင်ကြည်ရှင်းဟန်၊ ဒုတိယဆု မပြည့်ဖူးသဒ္ဒါခင်၊ တတိယဆု မောင်သစ်ဆန်း၊ နှစ်သိမ့်ဆု မသီရိဝင်းသိန်းနှင့် မသီရိဦးတို့က ဆုများရရှိခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ခဲ့သည်။
ယင်းနောက် စာအုပ်ပြပွဲနှင့် သရက်မြို့၏ အထင်ကရနေရာများ၊ မှတ်တမ်းဝင် အဆောက်အဦများနှင့် တန်ခိုးကြီးဘုရားစေတီ ပန်းချီကားများအား ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ စာပေချစ်မြတ်နိုးသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)