အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်

အုတ်တွင်း နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားလျက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အသံချဲ့စက်များ​ဖြင့် ရပ်ကွက်/ကျေးရွာများ အတွင်းသို့ သုံးဘီးမော်တော်ယာဉ်ဖြင့်လှည့် လည်နှိုးဆော်ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများ အနေဖြင့် မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ လူစုလူဝေးရှောင်ရှားရန်၊ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပါ၊ လက်ကိုဆေး​ကြော ခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်း၊ မျက်စေ့တို့ကိုပွတ်သပ်ခြင်း၊ ကိုင်တွယ်ထိတွေ့ခြင်းမပြုရန်၊ အပြင်ထွက်ရာမှပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှခေါင်းစည်း(Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်​ကြရန်တိုက် တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်တွင် နိုဝင်ဘာ(၂၃)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၉၃၃)ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူလူနာ(၈၃၇)ဦး၊ သေဆုံးသူ(၆၀)ဦးရှိကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)