စစ်တွေ နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပသည့် တက္ကသိုလ်ဓမ္မာရုံပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာအခမ်းအနားအား ပန္နက်တင်မင်္ဂလာမဏ္ဍပ်၌ကျင်းပရာ ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကြပြီး ပြည်နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တသောမထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် တက္ကသိုလ်မှ တာဝန်ရှိသူများက ဆရာတော်ကြီးများထံ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပန္နက်တိုင်တို့ကို ဆက်ကပ် လှူဒါန်းကြပြီး ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ အဓိဌာန်ဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာကြားကြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ် ဝတ္ထုများအား ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဓမ္မသုခကျောင်း တိုက်ဆရာတော်၊ ကမ္ဘာ့ဗုဒ္ဓသာ သနာပြု၊ အဓိဌာန်ဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဓမ္မာရုံဆောက်လုပ်မည့်နေရာ၌ နေရာယူကြပြီး မင်္ဂလာအချိန်တွင် ပန္နက်တင်မ င်္ဂလာပြုလုပ် ပေးကြကာ အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
စစ်တွေတက္ကသိုလ်ဝင်းအတွင်း၌ အလျား ၁၂၅ ပေ၊ အနံ ၇၆ ပေရှိ ဓမ္မာရုံကို စစ်တွေတက္ကသိုလ် ဓမ္မာရုံဖြစ်မြောက်ရေး ကော်မတီမှ ဦးဆောင်၍ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင် လှူဒါန်းငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ကာ ယနေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အလှူငွေ သိန်း(၃၀၀)ထည့်ဝင် လှူဒါန်းခဲ့ပြီး စစ်တွေတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များကလည်း အလှူငွေများထည့်ဝင် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)