ပန်းတောင်း နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ် ( ၆)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၆)နေရာဖြစ်သည့်စွယ်တော်(ဓမ္မာရုံ)၊ ကျောက်ဖူး(ဘက်စုံသုံးခန်းမ)၊ ရပ်သာ ကျေးရွာ(ဘုန်းကြီးကျောင်း)၊ တလုပ္ပင် (ဘုန်းကြီးကျောင်း)၊ ထုံးဘို(မြသိန်းတန်ဘုရား)၊ လဲကျေးရွာ (ဘုန်းကြီး ကျောင်းတို့တွင် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံဆောင်ရွက် ပေးနေကြောင်းသိရကာ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံ နိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ယနေ့ဆေးထိုးစုရပ်(၆)နေရာတွင် ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများက စိတ်အားထက်သန်စွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြကြောင်းလည်း သိရသည်။
ထိုးနှံပေးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်းသင်းအေး