ဇီးကုန်းမြို့နယ်တွင် Phase-4 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) တတိယနေ့ ဆက်လက်ထိုးနှံပေး

ဇီးကုန်း နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား Phase-4 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းကို အမှတ်(၄)ရပ်ကွက် မြို့လယ်သံဓမ္မာရုံ၌ ယနေ့ နံနက် ၈ နာရီမှစတင် ထိုးနှံပေးလျက်ရှိသည်။

ဇီးကုန်းမြို့နယ်တွင် ဦးတည်အုပ်စု(၂၄)အုပ်စုသတ်မှတ်၍ Phase-4  ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ထိုးနှံပေးခြင်းကို ယနေ့တွင်လည်း ကန္တလီ၊ တောင်ပို့သာယာ၊ ကဇင်းကြီး၊ သစ်နဖား၊ ဇရပ်လှ၊ လေးမျက်နှာ၊ စပါယ်မျှောင်၊ တယ်ပင်ကန်စသည့် ကျေးရွာ အုပ်စု(၈)အုပ်စုမှ ပြည်သူများအား မြို့လယ်သံဓမ္မာရုံအတွင်း ဆေးထိုးနေရာ လေးခုခွဲ၍‌ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ပထမနေ့တွင် ပြည်သူ(၁၉၁၀)ဦးအား လည်းကောင်း၊ ဒုတိယနေ့တွင် ပြည်သူ (၁၆၆၅)ဦးအားလည်းကောင်း ထိုးနှံပေးခဲ့ပြီး ယနေ့တွင်ပြည်သူ (၁၆၅၀) ဦးအား ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ကျန်ကျေးရွာအုပ်စုများမှ ပြည်သူများကို နောက်ရက်များတွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်သည်။ Phase-4 တွင် ပြည်သူ(၈၀၀၀)ဦးအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များကလိုအပ်သည်များအား ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)