မိုင်းယု ဩဂုတ် ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မှန်ကန်သော မဲဆန္ဒရှင် စာရင်းများ ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့က ယမန်နေ့က တစ်အိမ်တက်/တစ်အိမ်ဆင်းစနစ်ဖြင့် ရပ်ကွက်/ကျေးရွာများသို့ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက် လျက် ရှိသည်။
အဆိုပါ ရွေးကောက်ပွဲတွင် မှန်ကန်သော မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှုမရှိစေရေးအတွက် သက်ဆိုင်ရာကော်မရှင် အဖွဲ့ဝင် မြို့အုပ် ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြို့နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ရပ်ကျေးစာရေးတို့က ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများအထိ ကွင်းဆင်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် ဆန္ဒမဲစာရင်းပါ အချက်အလက်များ မှန်ကန်မှုရှိ/မရှိနှင့် အသက်(၁၈) နှစ်ပြည့်ပြီး သူတိုင်း မဲစာရင်းတွင် ပါ/မပါ စစ်ဆေးခြင်း၊ ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး ပုံစံ(၃-က)ဖြင့် လည်းကောင်း မဲစာရင်းတွင် အမည်မပါဝင်သူ များ ပုံစံ(၃)ဖြင့်လည်းကောင်း လျှောက် ထားနိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်းများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက် မှားယွင်းမှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားနိုင်စေရေးအတွက် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးနေကြခြင်း ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)