ဖျာပုံ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့မှမြို့နယ်အတွင်း ကုန်စည်များ မြန်မာဘာသာဖြင့် ကုန်အညွန်း အမှတ်အသား ဖော်ပြထားခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်းရှိ မုန့်မျိုးစုံနှင့် ကုန်ခြောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်သောဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော မုန့်မျိုးစုံနှင့်ကုန်ခြောက်အရောင်းဆိုင်များအနေဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွန်းအမှတ်အသား ဖော်ပြထားခြင်းရှိ၊ မရှိ ကုန်စည်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူတို့အား၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)နှင့် ပုဒ်မ(၄၃)တို့အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ မိမိတို့ထုတ်လုပ်သည့် ကုန်စည်များအပေါ် "ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ကို ကုန်အညွန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်"ဟု ပြဌာန်းထားရှိပြီး ဖြစ်၍ ရောင်းချသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၄၁)နှင့်ပုဒ်မ (၄၃)တို့အား သိရှိလိုက်နာနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်ကမ်း စာစောင်များအား အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်