မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဦးရေ (၁၀၄၆) ဦးအတွက်  ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၄   

မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် နိုဝင်ဘာ (၂၂)ရက်နံနက် (၉)နာရီမှ စတင်ကာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အလှည့်ကျစနစ်ဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိ‌ကြောင်း သိရှိရသည်။

မြို့နယ်အတွင်းရှိ ပင်စင်လစာထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းများမှာ မြို့ပြပင်စင် (၆၅၆) ဦး၊ နိုင်ငံရေးပင်စင် (၁၃၉) ဦး၊ ကာကွယ်ရေးပင်စင် (၂၅၁) ဦး စုစုပေါင်း (၁၀၄၆) ဦး ရှိပါသည်။ အဆိုပါပင်စင်စားဝန်ထမ်းများအား လူစုလူဝေးမဖြစ်ပေါ်စေရန် မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်ခွဲတွင် အလှည့်ကျစနစ်ဖြင့် ထုတ်ပေးလျက်ရှိပါသည်။

ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် သက်ကြီးအငြိမ်းစားဝန်ထမ်းများအတွက် နားနေရန် နေရာ သတ်မှတ်ပေးထားခြင်း၊ ဘဏ်ဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ လက်သန့် ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး ပင်စင်လစာများကို နိုဝင်ဘာ (၂၂)ရက်မှ (၃၀)ရက်အထိ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်‌လေးလေးမော်ထံမှ သိရှိရသည်။

အောင်အောင်