နတ်မောက် နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာတွင် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကွင်းထဲအရောက် သွားရောက် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ ဝါစိုက်ပျိုးသော ကျေးရွာအုပ်စုများမှ အကျိုးဆောင် တောင်သူ(၃၀)ဦး တက်ရောက်ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများက ဝါမျိုးတစ်စုခြင်းအလိုက် အရည်အသွေးလက္ခဏာများ၊ အားသာချက်၊ အားနည်းချက်များကို ပညာပေးဆွေးနွေးပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဒေသအတွင်းရှိ ဝါစိုက်တောင်သူများ မိမိဒေသရာသီဥတုနှင့် လိုက်လျော ညီထွေမှုရှိပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်၍ အထွက်နှုန်းကောင်းသော ချည်မျှဉ်ရှည် ဝါမျိုးသစ်များကို ကိုယ်တိုင်လက်တွေ့လေ့လာပြီး စိုက်ပျိုးနိုင်စေရန် ချည်မျှဉ်ရှည်ဝါမျိုးသစ်(၄) မျိုးဖြစ်သည့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေချည်(၉)၊ ငွေချည်(၁၁)မျိုးကွဲ(၄)မျိူးအား ယှဉ်ပြိုင်စိုက်ပျိုး၍ လေ့လာ ပညာပေးနိုင်ရန်အတွက် တောင်သူပညာပေး စံပြကွက်(၂)ဧက စိုက်ပျိုး ထားကြောင်း သိရသည်။
သင်းသင်းမြတ်(နတ်မောက်)