ဗန်းမောက် နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးက မြို့နယ်အတွင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဖွဲ့စည်းထားမှုနှင့် ကော်မတီမှ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကာကွယ် စောင့်ရှောက်နေမှုများ၊ အသိပညာပေးရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကလေးသူငယ် များအား မွေးစားခြင်း၊ စောင့်ရှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ မရှိစေရေး ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြောကြားပြီး ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က ဗန်းမောက်မြို့နယ်အတွင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းအစီအစဉ်များ လုပ်ငန်းဆောင်ရွက် တိုးတက်နေမှု အခြေအနေများ၊ မိခင်ဝိုင်း(၁၁)ဝိုင်း ဖွဲ့စည်းထားရှိပြီး ၎င်းအဖွဲ့၏ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မူလတန်းကြို ကျောင်း(၁)ကျောင်း ဖွင့်လှစ်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေး၊ ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်နှင့် ဝန်ထမ်းများ မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ကြပြီး လုပ်ငန်း ဆောင်ရွက် နေမှုများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။
မေသူဟန်(ဗန်းမောက်)