ဆီဆိုင်မြို့မှတောင်သူနှစ်ဦးအား မြေဧရိယာ (၂၉.၁၉)ဧက အတွက် မြေယာလျော်ကြေးပေးအပ်

တောင်ကြီး        သြဂုတ်    -    ၂၁

ရှမ်းပြည်နယ်(‌တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာ အုပ်စုအတွင်းရှိ ဘန်းယဉ်ဘူတာမြေ(၇၁.၅)ဧကအတွင်း မြန်မာ့မီးရထားမှအသုံးပြုမည့်မြေ (၄၀.၀၄)ဧကအနက် တောင်သူ နှစ်ဦး၏ မြေဧရိယာ(၂၉.၁၉)ဧကအား မြေယာလျော်ကြေးပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဖွဲ့ဝင် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် တို့က အဖွင့်အမှာစကားပြောကြားကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးခရိုင်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုလွင်မှ မြေယာလျော်ကြေးပေးအပ်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာ့ မီးရထားမှ အသုံးပြုမည့် မြေဧရိယာ (၂၉.၁၉)အတွက် တောင်သူနှစ်ဦးအား လျော်ကြေးပေးနိုင်ရေး၊ တိုင်းအမှတ် (၄) ကလောမြို့၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးစန်းလွင်မှ ရှင်းလင်းတင်ပြကာ ဆီဆိုင်မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စုအတွင်း ဘန်းယဉ်ဘူတာမြေ (၇၁.၅)ဧကအတွင်း မြန်မာ့မီးရထားမှ အသုံးပြုမည့် မြေ (၄၀.၀၄)ဧကရှိ တောင်သူနှစ်ဦး၏ မြေဧရိယာ (၂၉.၁၉)ဧကအတွက် မြေယာလျော်ကြေး ကျပ်သန်း (၂၀.၄၃၃၃)အား  တောင်ကြီးခရိုင် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ  ဦးကိုကိုလွင်၊မြန်မာ့ မီးရထားတိုင်းတာဝန်ခံ ဦးစိုးမိုးနိုင်၊ တိုင်းအမှတ် (၄)ကလောမြို့၊ လက်ထောက် အထွေထွေမန်နေဂျာ ဦးစန်းလွင် တို့မှ ပေးအပ်ရာ တောင်သူနှစ်ဦးဖြစ်သော ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုနေ ဦးထီး(ခ)ဦးစိုင်းစံဝင်းနှင့် ဦးလှမောင်တို့မှ အသီးသီးလက်ခံရယူကြသည်။

ထို့နောက် တောင်ကြီးခရိုင်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင် မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး တောင်သူဦးထီး(ခ)ဦးစိုင်းစံဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ ဘန်းယဉ် ဘူတာမြေ(၇၁.၅)ဧကအတွင်း မြန်မာ့မီးရထားမှ အသုံးပြုမည့်မြေ (၄၀.၀၄)ဧကအနက် တောင်သူနှစ်ဦး၏ မြေဧရိယာ  (၂၉.၁၉)ဧကအား တဧကလျှင် ကျပ်(၇)သိန်းနှုန်းဖြင့် မြေယာလျော်ကြေး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်