မြေပုံ နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပအသိပညာ ဗဟုသုတတိုး ပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ (၁၀၁)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းများ ကျင်းပခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး ကအမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ရန်ကုန်တက္ကသိုလ်အက် ဥပဒေအချက်များဆွေးနွေးဟောပြောသည်။
ဟောပြောပွဲအပြီးတွင် ကလေးကြိုက်၊ ရုပ်ပြ၊ ပုံပြင်၊ တေဇ၊ ကလေးသုတရသစာအုပ်များဖြင့် ကလေး စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးပြီး (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။
ထို့နောက် ဝန်ထမ်းများက တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။
ဝင်းမင်းစိုး