ပန်းတနော် နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေး ပန်ကြားချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာဆောင်ရွက်ကြရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ယနေ့နံနက် ၉ နာရီက မြို့ကွက်သစ်ရပ်ကွက် ရန်ကုန်- ပုသိမ် ကား လမ်းတွင် လိုက်လံအသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌ သာနေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသောဧည့်သည်များလက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်းမပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကိုစနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကို စက္ကန့်(၂၀) ကြာအောင်စနစ်တကျ ဆေးကြောကြရန်၊ ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန် စသည့်အချက်များ ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)