မော်လမြိုင် နိုဝင်ဘာ ၂၄
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ဆိပ်ကမ်းသာတံတားတွင် ကျင်းပသည့် သံလွင်မြစ် အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနား တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်း ငါးသယံဇာတတိုးပွားရေး၊ ငါးရိက္ခာဖူလုံရေး၊ ပြည်သူများ ငါးစားသုံးမှု မြင့်တတ်လာစေရေး၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ဒေသတွင်း ပြည်သူများ ရိက္ခာဖူလုံပြီး တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
အဆိုပါ ငါးမျိူးစိုက်ထည့်ပွဲတွင် ငါးလုပ်ငန်းစခန်း(သထုံ)မှ ထုတ်လုပ်သော(၂)လက်မနှင့်အထက် အရွယ်အစားရှိ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀နှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ ၅၀၀၀၀၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၀၀၀၀၀အား သံလွင်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့် ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)