ပုသိမ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများကို ထောက်ပံ့ကြေးများပေးအပ်

မန္တလေး  ဩဂုတ် ၂၁

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ကြေးငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက ပုသိမ်ကြီးမြို့နယ်၊ နန္ဒာကျေးရွာ၊ မြနန္ဒာတောင်သူပညာပေးစင်တာတွင် ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးသန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ပုသိမ်ကြီးမြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများကို ထောက်ပံ့ကြေးငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက မျိုးစေ့ထုတ် (အကျိုးဆောင်တောင်သူများ)အား ထောက်ပံ့ငွေပေးအပ်ပြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းက မျိုးစေ့ထုတ် (သမအသင်း) တောင်သူများကို ထောက်ပံ့ငွေများပေးအပ်ရာ မျိုးစေ့ထုတ်တောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အဆိုပါအခမ်းအနားတွင် မျိုးစေ့ထုတ်တောင်သူ (၈၂) ဦး၏ မိုးစပါးစိုက်ဧက (၅၆၄) ဧကအတွက် ပထမအကြိမ်အဖြစ် ငွေကျပ် (၄၈၂၂၂၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေဖြိုးအောင်