ရမည်းသင်းမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာပေဆွေးနွေးဝိုင်းကျင်းပ

ရမည်းသင်း ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာပေဆွေးနွေးဝိုင်းကို ယမန်နေ့မွန်းလွဲ ၂  နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  လူထုအခြေပြုဗဟိုဌာန  (Community Centre)  ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စာပေဝါသနာရှင် ရမည်းသင်းမြို့နယ် ပျဉ်တပ်ရပ်ကွက်ရှိ မူလသိမ်ဦးဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဝဏ္ဏိတက စာပေမှရရှိသည့်အသိပညာနှင့်အနှစ်သာရများကို ပြန်လည်မျှဝေခြင်းဖြင့် ပါဝင်ဆွေးနွေးပေးကြရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန် စာဖတ်သည့်အလေ့အကျင့်ကောင်းမွေးထုတ်ပေးနိုင်ရန် ဆွေးနွေးပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးမှ စာပေဆွေးနွေးဝိုင်းကျင်းပပြီး  စာပေမိတ်ဆွေများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရရှိပြီး စာပေအနှစ်သာရကိုဖလှယ်ကာ စာပေဆွေးနွေးဝိုင်းများ ကျင်းပနိုင်ခြင်းဖြင့် စာပေပညာဗဟုသုတတိုးပွားစေရေး ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဦးမျိုးသန့်မှ ၁၉၈၉ ခုနှစ် အမျိုးသားစာပေဆုရ လယ်တွင်းသာစောချစ်၏ “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်မှ “ကျောင်းနေပျော်၍စာတော်ပါစေ” ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ အတွင်းရေးမှူး ဦးမျိုးလွင်နှင့်အဖွဲ့ဝင် ဦးအောင်ဝင်းတို့က “မိဘဆရာပူးပေါင်းကလေးပညာကောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးကြရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ဒေါ်ခင်လေးနီ၊ ဦးအေးမြင့်မြတ်၊ ဒေါ်ခင်မြတ်မွန်၊ ရမည်းသင်းမြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့မှ စာပေအမြင်ခြင်းဖလှယ်ကာ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်