မြစ်သား သြဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲကာလတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ (Special Police)များရွေးချယ်ခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် မဲရုံလုံခြုံရေးအတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသောအထူးရဲများအား ရွေးချယ်ခြင်းဖြစ်ကြောင်း၊ ရွေးချယ်ခံရသည့် အထူးရဲများအား အောက်တိုဘာလ (၁) ရက်မှ (၂၈) ရက်နေ့အထိ မဲရုံလုံခြုံရေးသင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းပေးကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည့် (COVID-19) ကူးစက်ရောဂါဆိုင်ရာအမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အထူးရဲစိစစ်ရွေးချယ်ရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း မဲရုံလုံခြုံရေးအတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အထူးရဲများအား စိစစ်ရွေးချယ်ပေးခဲ့ကြသည်။ မြစ်သားမြို့နယ်အနေဖြင့် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁) တွင် (၄၈) အုပ်စု၊ အမှတ် (၂) တွင် (၄၄) အုပ်စုဖြင့် စုစုပေါင်းရပ်ကွက်/ကျေးရွာ အုပ်စု (၉၂) အုပ်စုရှိပြီး တပ်မဲရုံ (၆) ရုံ၊ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံ (၁၉၅) ရုံ စုစုပေါင်းမဲရုံ (၂၀၁) ရုံရှိကာ မဲရုံများလုံခြုံရေးအတွက် မဲရုံတစ်ရုံလျှင်အထူးရဲ (၁) ယောက်နှုန်းဖြင့် အထူးရဲ (၂၀၁) ယောက်နှင့် အရန် (၄) ယောက်၊ စုစုပေါင်း အထူးရဲ (၂၀၅) ယောက်အား ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း အထူးရဲစိစစ်ရွေးချယ်ရေးအဖွဲ့ထံမှ သိရှိရသည်။
ဆုမွန်(ပြန်/ဆက်)