ကော့သောင်း သြဂုတ် ၂၁
ကော့သောင်းမြို့နယ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းများတွင် ထပ်မံဖြစ်ပေါ်လာနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းအား ထိန်းချုပ်နိုင်ရေး ရောဂါထိန်းချုပ်မှုလုပ်ငန်းများ ပေါ့လျော့မှုမဖြစ်ပေါ်စေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပညာသင်ကြားလျက်ရှိသည့်ကျောင်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများလိုက်နာဆောင်ရွက်ကာ ကျောင်းသို့လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများကို နှာခေါင်းစည်းတပ်ဆင်စေခြင်း၊ ကျောင်းသို့မဝင်မီလက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာသင်ခန်းအတွင်း သတ်မှတ်အကွာအဝေးဖြင့် စနစ်တကေသင်ကြားသင်ယူစေခြင်း၊ ဆရေ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန်အတွင်း Face Shield တတ်ဆင်သင်ကြားခြင်း၊ ကျောင်းအတွင်း လက်ဆေးဘေစင်များထားရှိပေးကာ ကျောင်းသား၊ ကျောင်းသူများ မကြာခဏလက်ဆေးကြရန် နှိုးဆော်ခြင်းလုပ်ငန်းများကို တာဝန်ကျ ဆရာ၊ ဆရာမများ စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အနေဖြင့် အထက်တန်းအဆင့် ကျောင်းပေါင်း (၁၄) ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၅၀၇)ဦးခန့်ရှိကြောင်း၊ ကျောင်းများ၏ ကျောင်းသားဦးရေနှင့်စာသင်ခန်းအခြေအနေအရ တချို့ကျောင်းများတွင် GREAD-10 နှင့် GREAD-11အတန်းများကို နံနက်ပိုင်းနှင့်ညနေပိုင်းအဖြစ် သီခြားစီခွဲကာ စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး သင်ကြားပေးသွားလျက်ရှိကြောင်း၊ ပြန်လည်ဖွင့်လှစ်သည့် ကျောင်းများအတွင်း ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် အသိပေးနှိုးဆော်ချက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သိကောင်းစရာပိုစတာများကို အသိပညာပေးချိတ်ဆွဲစီစဉ်ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
ကျော်စိုး(ကော့သောင်း)