မင်းလှ နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းမှာ လျော့နည်းလာပြီး၊ ယမန်ရက်နေ့ ညနေပိုင်း၌ ကိုဗစ်အတည်ပြုလူနာ မကျန်ရှိတော့၍ ရောဂါကင်းစင်ပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
မင်းလှမြို့နယ်တွင် ဇွန်လ ၁၆ ရက်နေ့မှစတင်ကာကိုဗစ်ရောဂါကူးစက်ဖြစ်ပွားခဲ့ရာ ယမန်နေ့ထိ ကိုဗစ် အတည်ပြုလူနာ (၂၂၅၃)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၂၁၆၉)ဦး၊ အတည်ပြု သေဆုံးသူ(၈၄)ဦး ရှိခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ရောဂါကူးစက်မှု ကင်းစင်သွားပေမဲ့လည်း ဆက်လက် ထိန်းချုပ်သွားနိုင်ရေးအတွက် ဒေသခံပြည်သူများအား နှာခေါင်း စည်း တပ်ဆင်သွားလာစေခြင်း၊ ကိုဗစ်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေး နှိုးဆော်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ မင်းလှ