မကွေး နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီးတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် လွတ်လပ်ရေးနေ့သည် နိုင်ငံတော်အတွက် အထွဋ်အမြတ် ထားရသော နေ့တစ်နေ့ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ပေးအပ်ခြင်းခံရသော ဆပ်ကော်မတီများအနဖြင့် မိမိတို့ဆပ်ကော်မတီအလိုက် လုပ်ငန်း တာဝန်များအား ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံနှင့် လွတ်လပ်ရေး ပန်းခြံတို့တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရန်အတွက် သန့်ရှင်း သာယာလှပရေးကို အထူးအလေးထား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း က အမှာစကား ပြောကြားပြီး အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်က လွတ်လပ်ရေးနေ့ အခမ်းအနားတွက် ကော်မတီများ ဖွဲ့စည်းတာဝန် ပေးအပ်ထားမှု၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် တာဝန်ပေးအပ်ခြင်း ခံရသော ဆပ်ကော်မတီ အသီးသီးမှ မိမိတို့ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက် လာကြသူများက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)