မကွေး နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီးတွင် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းနား ဦးစီးကော်မတီနာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်တော်အား နိုင်ငံတော်အစိုးရ၏ ကြီးကြပ်မှုဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ နှစ်စဉ်လူပုဂ္ဂိုလ်များအား ပေးအပ်ချီးနှင်းခြင်းဖြစ်ပြီး မိမိတို့ မကွေးတိုင်းဒေသကြီးအနေဖြင့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်အား လူပုဂ္ဂိုလ်အနေဖြင့် အမျိူးသား(၁)ဦးနှင့်အမျိုးသမီး(၁)ဦး ရရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၁)ရက် နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများ အနေဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ကော်မတီအသီးသီးအလိုက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းနား ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေ များအား ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းနားအတွက် တာဝန် ပေးအပ်ခြင်းခံရသော ဆပ်ကော်မတီအသီးသီးမှ မိမိတို့ဆပ်ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်လာကြသူများက လိုအပ်သည်များအား ဖြည့်စွက် ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း သိရသည်။
ကိုအောင်