ဂန့်ဂေါ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား/သူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများကို ယနေ့နံနက် ၉ နာရီက (ဒုတိယအကြိမ်)အဖြစ် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံအားကစား ခန်းမ၌ ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ရောက်ရှိလာသော အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်များ ဆောင်ရွက်ပြီးမှ ကာကွယ်ဆေး ထိုးနှံပေးကြောင်းနှင့် လူစုလူဝေးမဖြစ်ပေါ်စေရန် Yaw Rescue အဖွဲ့၊ ဂန့်ဂေါခရိုင် ကြက်ခြေနီအသင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီလုပ်ကိုင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးအမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးထိုးနှံနိုင်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ပထမအကြိမ် လာရောက်ထိုးနှံသည့် လူဦးရေ(၄၅၀၀)ကို ယခုဒုတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၂၃ ရက်နေ့မှ နိုဝင်ဘာ(၂၇)ရက်နေ့အထိ ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)