မုဒုံမြို့၌ အသေးစားလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မုဒုံ နိုဝင်ဘာ ၂၃

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ယမန်နေ့က လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ဖွင့်လှစ်ခဲ့သည်။

လူသုံးကုန်ပစ္စည်းများကို  ပြည်တွင်း၌ အရည်အသွေးကောင်းမွန်သော  ပစ္စည်းများ ထုတ်ယူသုံးစွဲနိုင်ပြီး သွင်းကုန်အစားထိုးပစ္စည်းများအဖြစ် တစ်ပိုင်တစ်နိုင် ထုတ်လုပ်နိုင်ကာ မိသားစုဝင်ငွေများ တိုးပွားစေရန်နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများအားပေး မြှင့်တင်ပြီး ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း မုဒုံမြို့နယ်  ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

အဆိုပါ  သင်တန်းကို  ကျေးလက်နေပြည်သူများမှ  စိတ်ပါဝင်စားပြီး   လုပ်ငန်းများ လုပ်ကိုင်လိုသူ (၂၀)ဦးအား သင်တန်းနည်းပြနှစ်ဦးတို့က  စာတွေ့၊ လက်တွေ့ဖြင့် (၅) ရက်ကြာ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)