ပဲခူးမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ပဲခူး နိုဝင်ဘာ ၂၃

ပဲခူးမြို့နယ် ပိုက်ကျော်ခြင်းအားကစားကဏ္ဍ အဆင့်အတန်း တိုးတက်မြင့်မားပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ တတိယနေရာလုပွဲစဉ်အဖြစ် ဇိုင်း/တောင်(က)ကလပ်အသင်းနှင့် ခိုင်ဦးကလပ်အသင်း တို့က လည်းကောင်း၊ ပထမဗိုလ်လုပွဲစဉ်အဖြစ် စည်တီးကလပ်အသင်းနှင့် မဟာမြိုင်ကလပ်အသင်းတို့က လည်းကောင်း အသီးသီး ယှဉ်ကစားကြရာ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်းများအား တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်မှ ‌ပိုက်ကျော်ခြင်းလုံးများ ထောက်ပံ့ပေးအပ်ပြီး နောက်ထိန်း၊ ပင့်ထောက်၊ ရိုက်ခုပ်အကောင်းဆုံး အားကစားသမားဆု ရရှိသူများအား မြို့နယ် အားကစားမှူး ဦးဝင်းကျော်နှင့် တာဝန်ရှိသူများက ငွေသားဆုငွေနှင့် ဆုတံဆိပ်များ ပေးအပ်ကြသည်။

ယင်းနောက် တတိယဆုရရှိသော ခိုင်ဦးကလပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၂)သိန်း ကျပ်ကို ပဲခူးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းက လည်းကောင်း၊ ဒုတိယရရှိသော မဟာမြိုင်ကလပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၃)သိန်း ကျပ်ကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီထွေကလည်းကောင်း၊ ပထမဆုရရှိသော စည်တီးကလပ် အသင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်ကလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ကြပြီး ပထမဆု ရရှိသော စည်တီးကလပ်အသင်းအား ပဲခူးမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်မှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပဲခူးမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို နိုဝင်ဘာလ(၂၀)ရက်နေ့ (၂၂)ရက်နေ့အထိ (က)အုပ်စုနှင့် (ခ)အုပ်စုခွဲ၍ ကျင်းပ ပြုလုပ်ခဲ့ပြီး ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲကလပ်အသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)