ပွင့်ဖြူ နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများနှင့် ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်(တ)ကျောင်း၊ ကုန်းဇောင်းကျေးရွာတိုက်နယ်ဆေးရုံ၊ မဲဇလီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရကာ ယနေ့ ဆေးထိုးစုရပ် (၄)နေရာတွင် ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၈၃၀ ဦးနှင့် ဒုတိယအကြိမ်ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ ၈၅ ဦး ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား သတ်မှတ်ဆေးထိုး စုရပ်များတွင် မဖြစ်မနေ ကာကွယ်ဆေး သွားရောက်ထိုးနှံရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)