ကျောက်ဖြူ နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမဆောင်တွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက (ဒုတိယအကြိမ်မြောက်) ပထမနေ့အဖြစ် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် ဆေးထိုးရန်လာရောက် ကြသည့် အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဌာနမှ ဝန်ထမ်းများက လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် အဆိုပါကာကွယ်ဆေးအား အခြေခံပညာ အလယ်တန်း၊ အထက်တန်းမှ အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူ ၁၄၃၆၉ ဦးကို အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်၍ ပထမအကြိမ်ထိုးနှံပေးထားခဲ့ပြီးဖြစ်ကာ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယအကြိမ်မြောက် ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း