ခင်ဦး နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာ(၄)ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲရေးအစီအစဉ် (AVIP) သင်တန်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးညီညီဦးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း ကော်မတီဝင် များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရေးအစီစဉ်နှင့် ပတ်သက်သည့် သင်ခန်းစာများကို ဆွေးနွေး ပို့ချသည်။
အဆိုပါသင်တန်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် တမာကျေးရွာ၊ ရှားလွင်ကျေးရွာ၊ ကင်းပြစ်ကျေးရွာ၊ အင်ကြင်ပင်ကျေးရွာတို့မှ ကျေးရွာ တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်(၂)ဦးနှုန်းဖြင့် စုစုပေါင်း(၈)ဦးကို (၅)ရက်ကြာ သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)