တောင်ငူ နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမည့်သူများအား ဦးစားပေးအုပ်စုအလိုက် ဆေးထိုးစုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ ဆေးထိုးစုရပ်ဖြစ်သည့် မြစည်းခုံသာသနာ့ဗိမာန်ဝန်း၊ အမှတ် ၅ ရပ်ကွက် ကေလဇာတီဘုရားဝန်း၊ ကေတုမတီမြို့သစ် မြို့ဦးကျောင်းတိုက်၊ ဂယ်ခိုဂယ်ဘား ခရစ်ယာန် ကျောင်းတို့၌ အသက် ၅၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ EAO များ၊ အကျဉ်းထောင်များမှ အကျဉ်းသား အချုပ်သားများ၊ ဟိုတယ် မိုတယ်နှင့် တည်းခိုခန်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ထမ်းများ၊ စျေးသူစျေးသားများနှင့် စျေးရောင်းချ သူများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါအခံ ရှိသူများအား တစ်ရက်လျှင် လူဦးရေ ၅၀၀ နှုန်းဖြင့် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကာကွယ်ဆေး ပထမအကြိမ်မြောက် ထိုးနှံနိုင်မည့်သူများအား စနစ်တကျ ထိုးနှံနိုင်ရေး အတွက် အမှတ် ၈ ရပ်ကွက် ဂယ်ခိုဂယ်ဘားခရစ်ယာန်ကျောင်း၌ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးထိုးမှု အစီအစဉ်များအား ဆောင်ရွက်ပေးမည်ဖြစ်ပြီး နှစ်ကြိမ်မြောက် ထိုးနှံပြီးစီးသူများအား ဆေးထိုးနှံပြီးစီးကြောင်း Qr Code ပါ လက်မှတ်များ ထုတ်နှံပေးလျက်ရှိကြောင်း သိရသည်။
ဇော်ထက်(တောင်ငူ)