လပွတ္တာ နို၀င်ဘာ ၂၂
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အောက်ချောင်းကျေးရွာတွင် မိုးစပါးစံကွက်ရိတ်ပွဲ၊ သစ်စိမ်းမြေသြဇာ အတွက် ပိုက်ဆံလျှော်မျိုးစေ့အား တောင်သူများသို့ ပေးအပ်ပွဲနှင့် နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးထောင်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် စံကွက်ရိတ်သိမ်းခြင်းနှင့် ပတ်သက်၍ မြို့နယ်ဦးစီးမှူး (လယ်စာရင်း) ဦး၀င်းလွင်က ရှင်းလင်းပြောကြား ပြီး ပိုက်ဆံလျှော်စိုက်ပျိုးခြင်းနှင့် သစ်စိမ်းမြေသြဇာ အကျိုးကျေးဇူးများ၊ နွေစပါးကောက်စိုက်စက်ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း အဆင့်ဆင့်အား မြို့နယ် ဦးစီးမှူး (စိုက်ပျိုးရေး) ဦးမျိုးအောင်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းခြင်းတွင် ဆင်းသုခစပါးမျိုးတစ်ဧက အစိုတင်း၁၂၅.၆၁တင်း၊ အခြောက်တင်း တစ်ဧက ၁၁၃တင်း ထွက်ရှိကြောင်း သိရပြီး အခမ်းအနားသို့ လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွှန့်နှင့် ခရိုင်အဆင့်ဌာနဆိုက်ရာအကြီးအကဲများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။ လပွတ္တာ မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ခုနှစ် မိုးစပါးစိုက်ပျိုးဧက (၃၃၇၈၀၉) ဧက ရှိပြီး နွေစပါးကို (၂၆၈၄၃ )ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
လပွတ္တာ (ခရိုင် ၊ ပြန်/ဆက်)