ညောင်လေးပင် နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပညာပေး နှိုးဆော်ရာတွင် ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုမှ ကာကွယ်နိုင်ရန် အိမ်အတွင်း၌သာ အတတ်နိုင်ဆုံး နေထိုင်ကြရန်၊ မိမိအိမ်သို့ ဧည့်သည်များ လာရောက်ခြင်းနှင့် အခြားသူများထံသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်ပြီး တစ်ဦးနှင့် တစ်ဦး ၆ ပေ ခွာ၍ ပြောဆိုဆက်ဆံရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုပဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်ခြင်းမပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများတွင် နေထိုင်ခြင်းမှ ရှောင်ရှားရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း၊ အများနဲ့တွေ့ဆုံပြီး ပြန်လာတိုင်း နှာခေါင်းစည်း (Mask)များကို အိမ်အပြင် တွင် စွန့်ပစ်ရန်၊ မိမိတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက် စစ်ဆေးရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးကြီးအား အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများက ကို်ယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရေးကို ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်