ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

ပေါင်းတည် နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို စျေး(၁)ရပ်ကွက်ဘုရားကြီးလမ်း၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေး ပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို အခမဲ့ ဝေငှခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ကျသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက် လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

အေးအေးဆင့်